Monday, November 5, 2007

စက်တင်ဘာရဲ့ကြွေးကြော်သံ

ရွှေဝါရောင်လှိုင်းပုတ်သံနဲ့
ဒေါင်းလံနီ စိုက်ထူတဲ့တိုက်ပွဲ
ပြည်သူတွေပါတဲ့ ပွဲပေမို့
စစ်ဓါးပြမိစ္ဆာကောင်ကို
တောထုတ်မဲ့ ဒီပွဲ။

ရှိခြင်း - မရှိခြင်း

Ð ရှင်ဘုရားက ဟောကြားခဲ့တယ်
“အနတ္တတဲ့”
ဗိုလ်သန်းရွှေက ပြောပြန်တယ် “ငါဟာ အတ္တဟဲ့”လို့
ငါ့ခန္ဓာကြီးဆူဖြိုးနေတယ်
ငါ့စိန်ရွှေတွေအများကြီးရှိတယ်
ကမ္ဘာပသင်္ချေ ငါသုံးနိုင်တယ် “ဘာအနတ္တလဲ”

Ð ဆိုကရေးတီးကပြောတယ်
“Life is nothing” တဲ့
ဗိုလ်မောင်အေးကပြောတယ် “ဘာ nothing လဲ”
စစ်တပ်ကြီးတွေ ငါ့မှာရှိတယ်
သုံးမကုန်အောင် အားလုံးရှိတယ်…“ ငါက something ပဲ”

Ð ရှေးလူကြီးတွေ မိန့်မှာခဲ့တယ်
“ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲ”
ဗိုလ်ရွှေမန်းက တုံ့ပြန်ခဲ့တယ် “ဘာရုန်းတာလဲ”
ကုမ္ပဏီတွေ ငါ့မှာရှိတယ်
ဒေါ်လာဆက်ကြေး ငါ့မှာရှိတယ်
လုပ်ပိုင်ခွင့်တွေ အာလုံးရှိတယ် “ငါကအေးဆေးပဲ”

Ð တို့တိုင်းပြည်မှာဗြဟ္မစိုရ်တရားတွေရှိခဲ့ဖူးတယ်
“မေတ္တာ သစ္စာ ဂရုဏာ မုဒိတာ တဲ့”
ဗိုလ်စိုးဝင်းက ပြောပြပြန်တယ် ……မေတ္တာမလိုဘူး ငါသတ်ရဲတယ်
သစ္စာမဆိုဘူး ငါလိမ်ရဲတယ်
ဂရုဏာမသက်ဘူး နှိပ်ကွပ်ရဲတယ်
မုဒိတာမလိုဘူး ငါ့အတွက်ပဲ

Ð ရွှေပြည်သာက လူကပြောတယ်
စားစရာမရှိဘူး…….. ဆန်

Ð လှိုင်သာယာက လူပြောတယ်
၀တ္စရာမရွိဘူး……. အက်ႌ

Ð တောင်ဒဂုံက လူကပြောတယ်
မိုးစရာမရှိဘူး………..သက်ကယ်

Ð တပြည်လုံးက ပြောကြတယ်
ဒီမိုကရေစီဆိုတာ ချိုနဲ့လားတဲ့။

မှတ်ချက်။ ။ ဒီခံစားမှုက မနှစ်က ခံစားခဲ့ဒါပါ၊ အခုတော့ ဗိုလ်စိုးဝင်းတယောက် ယောယုဝမှာ ဗိုလ်နေ၀င်းနဲ့အမှုတွဲနေလို့ စာဖတ်သူတို့က မိမိကြိုက်ရာကို အစားထိုးနိုင်ပါတယ်ခင်ဗျား။

အကြောက်တရားနဲ့အမှန်တရား

လူတဦးချင်းဖြစ်စေ၊ အများနဲ့ဖြစ်စေ “အကြောက်တရား”ဆိုဒါကတော့ ထိုက်သင့်အား လျော်စွာ အနည်းနဲ့အများတော့ရှိကြစမြဲပါ။ အခြေအနေအရ လူတယောက်ချင်းအတွက် မိမိရင်ဆိုင်ရသောအတွေ့ အကြုံအရ အကြောက်တရားက ကွဲပြားကြမယ်လို့ထင်ပါတယ်ခင်ဗျာ့။ အဲဒီလိုအခါ မျိုးကျတော့လည်း လူတဦးချင်းစီရဲ့ စိတ်ဓာတ်ရေးရာ အပေါ်မူတည်ပြီးတော့ အကြောက်တရားအနည်းအများ၊ ဆိုသလိုဘဲကွာ ခြားမှုကတော့ ရှိမှာပါ။ သို့သော် အဓိကအားဖြင့်ဆိုရမယ် ဆိုရင်တော့ အကြောက်တရားလွှမ်းမိုး ခံရသူအများစုမှာ လူ့ဗာလများ၊ စဉ်းစားဆင်ခြင်ဥာဏ်နဲပါးသူများ၊ လူ့သဘာဝကို မသိနားမလည် ဆင်ခြင်တုန်တရားမရှိသူများ၊ ကိုယ်ကျိုးအတွက်သာ ကြည့်တတ်ကြပြီး ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတ္တကြီးမားသည့်လူတန်းစားများ၊ “ကြီးနိုင်ငယ်ညှင်း” ဆိုတဲ့ တောတွင်းတိရိစ္ဆာန်တို့ရဲ့ ဥပဒေသတိုင်း စာနာထောက်ထား ညှာတာမှုမရှိဘဲ အာဏာလက်နက်တို့ဖြင့် ရိုင်းပြစွာအနိုင်
ကျင့်အုပ်ချုပ်တတ်သူများ……..စသည်အားဖြင့်ဖြစ်ကြပါတယ်။

အကြောက်တရားနဲ့ အမှန်တရားကတော့ လုံးလုံးလျားလျား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ ဆန့်ကျင်
ဘက်တရားနှစ်ခုဖြစ်ပါတယ်။ အကြောက်တရားကြီးမားလေ အမှန်တရားပျောက်ကွယ်လေ၊ မသိမှုဆိုတဲ့ မောဟတရားကြီးစိုးလေဖြစ်ပြီး၊ အကြောက်တရားနဲပါးလေ အမှန်တရားကိုပို၍ ပို၍ သိမြင်လေဖြစ်ပြီး လောကအကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို မိမိရဲ့အတ္တကျိုးကို ပိုပြီးစွန့်လွှတ်နိုင်လေ ဆိုဒါတွေက လောကနိယာမပါခင်ဗျာ။

ဥပမာဆိုရမယ်ဆိုရင်တော့…………
တာတေတို့ရဲ့ နိုင်ငံမှာ ၁၉၆၂ခုနှစ် ကစပြီး ကနေ့၂၀၀၇ အထိ စစ်အာဏာရှင်အဆက်ဆက် လက်ဆင့်ကမ်းဖိနှိပ်ညှင်းပမ်းပြီး ပြည်သူ့အာဏာကိုမတရားသိမ်းယူအုပ်ချုပ်ခဲ့ဒါ ၄၅နှစ်ကျော်လို့ရာစုနှစ်ဝက် တိုင်ခဲ့ပါပြီ၊ ဗိုလ်နေ၀င်း (စစ်အာဏာကိုစတင် တည်ထောင်သူ) လက်ထက်ကလည်း ပြည်သူတို့ တင်မြှောက်ထားတဲ့အစိုးရဆီက မတရားအာဏာသိမ်းပြီးနောက်၊ ပြည်သူ့ဘဏ္ဍာတွေကို မတရားသိမ်းယူပြီး ၎င်းနဲ့စစ်ဗိုလ်အပေါင်းပါတစု ဇိမ်ခံရေး၊ ဆွေမျိုးတစု ကြီးပွားချမ်းသာရေးကိုသာ တစိုက်မတ်မတ် ပြုလုပ်ခဲ့တယ်။

ဗိုလ်နေ၀င်း England မှာမြင်းပြိုင်ပွဲ၊ ခွေးပြိုင်ပွဲတွေသွားပြီး ဒေါ်လာသန်းချီပြီးလောင်း ကစားနေချိန်မှာ ပြည်သူတွေထမင်းငတ်လို့ သေတဲ့သူတွေအများကြီးရှိခဲ့တယ်။ အဲဒါတွေကို ဖြေရှင်းပေးဘို့ အမှန်တရားအတွက် တောင်းဆိုကြတဲ့ ပြည်သူတွေကို ဆုလတ်အဖြစ်၊ အဲဒီအချိန်အခါကလူမသိသူမသိ ထောင်သောင်းမက ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်။ အဲဒီတောင်းဆိုမှုတွေကလည်း ၁၉၆၂၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေမှာဆိုရင် ဆက်တိုက်ဆိုသလိုဘဲ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ရဟန်းရှင်လူကျောင်းသား၊ ပြည်သူ များစွာကို ဗိုလ်နေ၀င်းက သူ့ရဲ့စည်းစိမ်များဆုံးရှုံးသွားမည့်အရေးအတွက် အကြောက်
တရားကြီးမားစွာနဲ့မညှာမတာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဒါကလည်း စစ်အာဏာရှင်တို့ရဲ့ “ဖေါ်မြူလာ”ခေါ်
“ပုံသေနည်း” ဖြစ်ခဲ့ဒါကတော့ ငြင်းစရာမလိုဘူး ဆိုဒါကတော့၊ အခုလတ်တလော တာတေတို့ရဲ့ တိုင်းပြည်အတွင်း ဗိုလ်သန်းရွှေက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ဆန္ဒပြနေတဲ့ရဟန်းသံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများကို ကမ္ဘာသိမြန်မာသိ ကြော်ငြာပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်ပြလိုက်ဒါကလည်း စစ်အာဏာရှင်တို့ရဲ့ Formula ပါ။

ဒါပေမဲ့ဗိုလ်သန်းရွှေကတော့ “နောက်လူကိုသာဆိုး” ဆိုသလိုပါဘဲ ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင်
တို့ထက်စောင်းပြီး Super Formula ကို သုံးပြသွားဒါ ကတော့ “မြတ်စွာဘုရားရှင်ရဲ့ပုံတော်တွေကို မိုက်မိုက်ရိုင်းရိုင်း စစ်ဖိနပ်နဲ့ နင်းချေဖျက်စီးပြခြင်း” “ဗုဒ္ဓသာသနာ့အလံတော်ကို ရိုက်ချိုး၊ စုတ်ဖြဲပြလိုက်ခြင်း” တို့ Super Formula ကို ထိတ်လန့်တကြား အကြောက်တရား ကြီးမားစွာ ဒေ၀ဒတ်ထက်အဆပေါင်း များစွာသောမိုက်မဲမှု နဲ့ မိုက်ရိုင်းပြလိုက်ခြင်းဖြစ်ပါတယ်။

ဒီ့အပြင်ဗိုလ်သန်းရွှေရဲ့ဓနစည်းစိမ် တွေကတော့ သိကြတဲ့အတိုင်းပါဘဲ တခြားဟာတွေမကြည့်ပါနဲ့ သမီးတော်အထွေးဆုံးရဲ့ စိန်စီသောည အာဝါဟ၀ိဝါဟ ပွဲကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါအပြင် အခုတလောကြားရတဲ့ အခြားသောသမီးတော်များကလည်း အထူးသဖြင့် Singapore မှာ ဒေါ်လာသန်း ချီပြီး ရင်းမြှပ်နှံထားတဲ့ Companies များ အများကြီး၊ ဒီလို ဒေါ်လာသန်းထောင်ပေါင်းများစွာကို မတရား ရယူထားတဲ့ ဓနဥစ္စာတို့ ဆုံးရှုံးသွားရမည့်အရေးတို့ကို ဗိုလ်သန်းရွှေအနေဖြင့် တစိမ့်စိမ့်တွေးလေ ကြောက်လေ၊ တရေးနိုးတွေးလည်း ကြောက်လေ ဆိုသလိုပါဘဲ အဲဒီအကြောက်တရားကြီးက ဗိုလ်သန်းရွှေနဲ့အပေါင်းပါ လက်တဆုပ်ကို ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ၊ သံဃာကို သံဃာမှန်းမသိ လောက်အောင် မောဟအမိုက်မှောင်ကြီး ဖုံးလွှမ်းပြီး သံဃာတော်များကို ရိုက်နှက်၊ သေနတ်ဖြင့်ပစ်သတ်၊ ညအချိန်မတော် ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက်စီးနင်း၊ သက်တော်ဝါတော်ကြီးဆရာတော်ကြီးများပါ မချန်၊ သံဃာတော်အရှင်သူမြတ်တို့ရဲ့ ဦးခေါင်းတော်များကို စစ်ဖိနပ်ဖြင့်နင်း၊ လက်ပြန်ကြိုးတုတ်၊ သွေးစိမ်းရှင်ရှင် မြေခအောင် ရိုက်နှက်ဖမ်းဆီးပြီး ၊အတင်းအဓမ္မလူဝတ်လဲစေပြီး ထောင်ထဲအကျဉ်းချ၊ ရဲဘက်အလုပ်ကြမ်းစခန်းများကိုပို့စတဲ့ “ကမ္ဘာ့သာသနာသမိုင်းမှာ အရက်စက်ဆုံး၊ အယုတ်မာဆုံး စော်ကားမှုကြီး” ကို စော်ကားပြလိုက်ပြီး ဗိုလ်သန်းရွှေနဲ့ စစ်ဗိုလ်တစုတို့က “ကမ္ဘာ့မိစ္ဆာဒိဋ္ဌိများ” လို့ သူတို့ကိုယ်သူတို့ တံဆိပ်ကပ်လိုက်ကြပါတယ်ခင်ဗျား။ အဲဒါကလည်း ဗိုလ်သန်းရွှေတို့လူ့ဗာလတစုကို အကြောက်တရားက အမှောက်အမှားဆီသို့ တွန်းပို့လိုက်ခြင်းဖြစ်ပါတယ်။

(ဒီနေရာမှာ စကားမစပ် တာတေမေး ချင်ဒါကတော့ ဗုဒ္ဓဘာသာဟုတ်ဟန်မတူတဲ့ သာသနာရေးဝန်ကြီး ခပ်တည်တည်လုပ်နေတဲ့ ငတိကို မေးချင်ပါတယ်၊ သူပြောသွားဒါကတော့ “ယခုသံဃာ့
လှုပ်ရှားမှုကြီးမှာ သံဃာအစစ် ၂%သာ ပါဝင်ပါတယ်” လို့ဆိုခဲ့ပါတယ်၊ ကျန်ဒါတွေကသံဃာ အတုအယောင်တွေသာဖြစ်ပါတယ်လို့ အထင်အရှားပြောကြားခဲ့ပါတယ်၊ အဲဒီလို သံဃာတော်အစစ်တွေ ၂% တွေသာပါဝင်တယ်လို့ဆိုခဲ့ရင် ရှေးအစဉ်အလာယခင့်ယခင်ကထဲက လူအများကိုးကွယ် ကြည်ညိုဆည်းကပ်ခဲ့တဲ့ အထင်ကရရှိခဲ့တဲ့ “ငွေကြာယံ” ဘုန်းတော်ကြီးကျောင်း အပါအ၀င် မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးရှိ စာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများမှာ စာလိုက်စာပေသင်ကြား၊ သီတင်းသုံးတော်မူနေကြတဲ့ ရဟန်းသံဃာတော်များအားလုံးဟာ ရဟန်းတုရဟန်းယောင်များလား?

သိန်းသောင်းချီရှိတဲ့ သံဃာတော်တွေအားလုံးဟာ ရဟန်းတု ရဟန်းယောင်များလား ?

ဒါကြောင့် အခုနိုင်ငံတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတိုက်များကို ၀င်ရောက်စီးနင်းရိုက်နှက်ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ထောင်ချနေဒါလား? ဒါဆိုရင်လည်း ၂% သော ရဟန်းစစ်တွေကရော ဘယ်ကျောင်းဘယ်အရပ် တွေမှာသီတင်းသုံးနေကြပါသလဲ? လို့တာတေကမေးချင်ပါတယ်၊ အဲဒီအခါကျရင်လည်း ၀န်ကြီးဆိုတဲ့ ငနဲကခပ်တည်တည်ဘဲ ကျနော်မသိပါဘူးလို့ ဧကန်မုချလိမ်အုံးမှာဘဲခင်ဗျာ။ အဲဒါကလည်း အကြောက်တရားရဲ့ ခိုင်းစေမှုကြောင့် လိမ်ခြင်းတခုပါဘဲ။)

လောကကြီးမှာ အမှားများများကျူးလွန် ခဲ့သူတွေအဖို့ အမှားများက အတိတ်တစ္ဆေလိုဘဲ အမြဲတမ်း
ခြောက်လှန့်ပြီး အကြောက်တရားများက ပို၍ပို၍ ကြီးတတ်ပါတယ်။ ဥပမာ ဗိုလ်နေ၀င်းရဲ့ သေတဲ့အချိန်အထိ
အကြောက်တရားကြီးမားသွားပုံက သေသူ၏ဆန္ဒအရ နေ့ချင်းပြီးမီးရှို့ပြီးပြာချ နောက်လူဆယ်ယောက်လောက်
နဲ့အသုဘကိစ္စဆောင်ရွက် လိုက်ရပါတယ်။ ဗိုလ်နေ၀င်းအနေနဲ့ အုတ်ဂူမလုပ်ဝံ့ခဲပါဘူး၊ လုပ်ခဲ့ရင်လည်း သူနှိပ်
စက်ခဲ့တဲ့ ပြည်သူတွေက သူ့ရဲ့အုတ်ဂူကို တစတမှုံစီ ခြေဖျက်ပစ်လိုက်မှာကိုစိုးရွံ့တဲ့ အကြောက်တရားကသူ
သေတဲ့အထိခြောက်လှန့်ခံသွားခဲ့ရပါတယ်။

နောက်တယောက်ကတော့ ဗိုလ်စောမောင်ပါ သူလည်း ထိုနည်းလည်းကောင်းပါဘဲ၊ ၁၉၉၀ခုနှစ်မှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့တာကို ဖြိုခွင်းခဲ့ ဒါကတော့ Formula ပါဘဲ၊ ဗိုလ်သန်းရွှေ အခုရက်ရက်စက်စက်ဖြိုခွင်းခဲ့ဒါထက်တော့ မပိုရင်သာရှိမယ်၊လျော့တော့ မလျော့ပါဘူး။

ဒီ့အပြင် ဗိုလ်စောမောင် မြတ်စွာဘုရားရှင်ရဲ့ပညာတ်ချက်လေးပါးဖြစ်တဲ့ ရဟန်းမဖြစ်တော့
တဲ့ လိင်ဆက်ဆံခြင်း၊ ခိုးခြင်း၊ သတ်ခြင်း၊ ဈာန်မရဘဲရခြင်းဟုပြောခြင်းတို့အပြင် ဗိုလ်စောမောင်က ရဟန်းသမဂ္ဂ
သမဂ္ဂီဝင်လျှင် သမုတိသံဃာ အလျင်းမဖြစ်စေရ……..ပုံ စောမောင် ဆိုပြီး အမိန့်၆/၉၀ ကိုထုတ်ပြီး ဘုရားထက်
ပို၍ ပါဝါပိုမြင့်ကြောင်း မတန်မရာ ပြုလုပ်ခဲ့တဲ့အတွက် ဘုရားဂိုဏ်းသံဃာဂိုဏ်း သင့်ပြီး ရူးကြောင်မူးကြောင်နဲ့
အကြောက်တရား ကြီးမားစွာနဲ့ဘဲ အ၀ီစိလားသွားပြီး ဖြစ်ပါတယ်။ဒါတွေက ပြောရမယ်ဆိုရင်တော့ အမှန်တရား
တွေကနေပြီ သွေဖီသွားသူတွေ ရဲ့အကြောက်တရားတွေရဲ့ စေ့ဆော်တိုက်တွန်းမှုတွေကြောင့် ရက်စက်ကြမ်း
ကြုတ်တွေပါ။

တာတေတို့နိုင်ငံမှာ ရှေးအစဉ်အဆက်ဆက် ကပြောကြဆိုကြတဲ့စကားတခွန်းကတော့ “ဗမာပြည်မှာငတ်သေတဲ့ မသာမရှိဘူး” တဲ့ အခုတော့ ထမင်းရည်တောင် မသောက်နိုင်လို့ သေခဲ့ရတဲ့မသာတွေရှိနေပါပြီ။ နှစ်နပ်ပေါင်းပြီး တနပ်ထဲသာစားနေရတဲ့ ပြည်သူတွေလည်း သန်းနဲ့ချီနေပါပြီ၊ လယ်စိုက်ရင်း ထမင်းငတ်နေတဲ့ တောသူတောင်သားတွေကလည်း မရေတွက်နိုင်သလို၊ စစ်တပ်ရဲ့ဖိနှိပ် ရက်စက်မှု့ကြောင့် မစိုက်နိုင်မပျိုးနိုင်နဲ့အိမ်ပစ်ယာပစ်ပြီးထွက်ပြေးနေကြရပြီး အငတ်ဘေးဆိုက်နေတဲ့ တိုင်းရင်းသားသွေချင်းတွေ လည်းသန်းနဲ့ချီနေပါပြီ။

အဲဒီအချိန်တွေမှတော့ ဗိုလ်ချုပ်တွေရဲ့ သားတော် သမီးတော်တွေကတော့ စင်ကာပူ၊ ထိုင်း ၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ နေ့ချင်းပြန် ရှန်ပိန်သောက်ရင်း ညစာတွေပျော်ပျော်ပါးပါး သွားပြီးတော့ စားသောက်နေကြပါတယ်ခင်ဗျာ့။ တာတေတို့ရဲ့ ပြည်သူတွေနေရတဲ့ တဲနန်းတော်တွေကတော့ အမိုးမတတ်နိုင်တဲ့ အတွက်ကြယ်မြင်၊ လမြင်ရုံမက စကြာဝဋ္ဌာကြီးတခုလုံးပါ မြင်ရပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်တွေရဲ့ ဆောင်ကြာမြိုင်တွေကတော့ ဆီးမီးရောင်ဝါထိန်ထိန်လင်းလို့ သိကြားမင်းကတောင် သြချ လောက်ရအောင် နတ်ဘုံနတ်နန်းတွေထက် သာလွန်ပါတယ်။ (နေပြည်တော်မှာက စက္ကန့်မပြတ် မီးလင်းနေလို့ပါခင်ဗျား) တာတေတို့ ပြည်သူတွေဝတ်ရဒါကရော “ဦးပုည” ရဲ့ ရေသည်ပြဇတ်ထဲက ရေသည်လင်မယားရဲ့ အ၀တ်အစားနဲ့သူမသာကိုယ်မသာပါ။ ဗိုလ်ချုပ်တွေရဲ့သားတော်သမီးတော်တွေလို တပတ်တခါ နိုင်ငံခြားတွေမှာ Shopping ထွက်ဝယ်တဲ့ အ၀တ်အစားတွေနဲ့ကတော့ နံ့သာဆီနဲ့ အီးဆိုသလိုပါဘဲခင်ဗျား။

ဒါတွေကပြည်သူတွေရဲ့ လက်တွေ့ဘ၀တွေပါ။ ပြောရရင်တော့ ပကတိ အမှန်တရားတွေဘဲပေါ့ဗျာ။
တလောလေးက ဖတ်လိုက်ရတယ်၊ မြန်မာနိုင်ငံမှာ လူတန်းစားနှစ်ရပ်ဘဲရှိပါတယ်တဲ့၊ “ဘယ်သူသေသေငတေမာ
ရင်ပြီးရော” ဆိုတဲ့ ဖိနှိပ်တဲ့လူတန်းစားရယ်၊ “သေသော်မှတည့် အော်ကောင်း၏” ဆိုတဲ့ အဖိနှိပ်ခံ လူတန်းစားရယ် နှစ်မျိုးဘဲရှိတယ်၊တနည်းဆိုရရင်တော့ အရင်တုံးက ရန်ကုန်မှာ ပြောခဲ့ဘူးတဲ့ “Sedona ဆီဒိုးနား လူတန်းစား” နဲ့ ဆီတိုးစားလူတန်းစားနှစ်ရပ် ပါဘဲ။

ပြောစရာရှိဒါတွေကတော့ ပြောမဆုံးနိုင်အောင်ပါ။ ဒါပေမဲ့နောက်မျိုးဆက် လူငယ်တွေသိအောင် ပြော
လက်စနဲ့ဆက်ပြီးတော့ပြောရအုံးမယ်ခင်ဗျာ့။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်နေ၀င်းအာဏာမသိမ်းခင်က
တာတေတို့ မြန်မာနိုင်ငံတော်ကြီးက အာရှနဲ့ ကမ္ဘာ့အလယ်မှာ သယံဇာတ၊ သဘာဝအရင်းအမြစ်တွေ အလွန်
ပေါ၊ အလွန်ကြွယ်ဝခဲ့တဲ့နိုင်ငံအဖြစ် အလွန်ကြော်ကြားခဲ့ပြီး Golden Land လို့တင်စားပြီးတောင် ခေါ်ခဲ့ကြတယ်
ခင်ဗျား။ ဒါပေမဲ့ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ၂၆နှစ်ကြာ ၁၉၈၈ ခုနှစ်ကျတော့ တာတေတို့ရဲ့ရွှေနိုင်ငံတော်ကြီးကို
ကမ္ဘာ့ငမွဲနိုင်ငံစာရင်း (L.D.C Lowest Development Country) ၀င်အဖြစ် ဗိုလ်နေ၀င်းက ကျွမ်းကျင်စွာပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ တာတေတို့နိုင်ငံသားတွေ သူဋ္ဌေးသား ကနေပြီး သူတောင်းစားတွေဖြစ်သွားဒါပေါ့ခင်ဗျား။

ပြီးတော့ ၁၉၈၈ခုနှစ်ကနေပြီးတော့ စစ်အာဏာရှင် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ အထိ
ယခု၂၀၀၇ ခုနှစ်ကျတော့ တာတေတို့ နိုင်ငံသားတွေ သူတောင်းစားအဆင့်တောင်မှ အဆင့်အတန်းရှိရှိတောင်း
မစားနိုင်တော့ပါဘူး၊ ဘာပြုလို့လဲဆိုတော့ တောင်းစားနေရတဲ့ခွက်တောင်မှ ပျောက်သွားခဲ့ရပြီခင်ဗျား။

ဒါကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှ ဓနအင်အားကိုဘဲတန်းစီစီ၊ အသိအတတ်ပညာ ပိုင်းကိုဘဲတန်းစီစီ တာတေ တို့ရဲ့သာကီမျိုးဟေ့ ဒို့ဗမာတွေက အခုတော့ နောက်ဆုံးမှာ၊ အောက်ဆုံးမှာရောက်နေ ဒါကို ရင်ထဲနင့်နင့် နဲ့ဝမ်းနည်းစွာ မြင်တွေ့နေရတဲ့ အဖြစ်ကလည်း “သေသော် မှတည့်အော် ကောင်း၏” လို့ ပြည်သူတွေကြွေးကြော်နေကြရတယ်လို့ ပြောရမယ်ဆိုရင်တော့ လွန်အံ့မထင် ပါကြောင်းပါခင်ဗျား။

တာတေတို့ရဲ့နိုင်ငံသားအများစု လယ်ကွင်းပေါ်မှာ ခွထိုင်ပြီးတော့ ထမင်းရည်တောင်ခွဲတမ်းနဲ့သောက်
နေကြရပါပြီ၊အဲဒီလို ဆင်းရဲတွင်းနက်ခဲ့ရတဲ့ ပြည်သူလူထုကြီးရဲ့ဘ၀တွေဟာ အသက်ရှင်လျက်နဲ့ သေနေကြရ
တဲ့ ဘ၀တွေအဖြစ်ခံစားလာခဲ့ကြရ ဒါတွေက စစ်အာဏာရှင်အစိုးရရဲ့ သက်တမ်းနဲ့အမျှပါ၊ အဲဒီခံစားမှုတွေရဲ့ ရေ
ချိန်တွေမြင့်လာတော့လည်း ပြည်သူလူထုကြီးရဲ့ဘ၀ဟာ “သေမထူးဘ၀” တွေအဖြစ် ခံစားလာကြရဒါလည်း ဖြစ်စဉ်တခုပါ၊ ဖြစ်ကိုဖြစ်လာရမယ်ဆိုဒါလည်း သဘာဝတရားပါ။ ဘယ်သူဘယ်ဝါရဲ့ တိုက်တွန်းမှုမှကြောင့်လည်း မဟုတ်ပါဘူး၊ ဘယ်အဖျက်သမားကလည်း ဆွဲဆောင်သိမ်းသွင်းစည်းခံခဲ့ဒါလည်းမဟုတ်ပါ။ ပြည်သူလူထုကြီးရဲ့ ဘ၀ပေးခံစားချက်ကြောင့် ဖြစ်လာတဲ့သေမထူးဖြစ်လာဒါရတဲ့ဘ၀ပါ။

သေရမှာကိုတောင်မကြောက်ခဲ့ရင်တော့ “အကြောက်တရားဆိုဒါ ဂျိုနဲ့လား?” လို့မေးရတော့မှာပေါ့ဗျာ၊
ဒါကြောင့် သေရမှာတောင်မကြာက်တော့ပါဘူးဆိုမှဖြင့် လောကကြီးမှာ ဘာကိုနောက်ထပ် ကြောက်စရာလိုသေး
သလဲဗျာ၊ ဒါကြောင့်လည်းအကြောက်တရား မရှိတော့တဲ့ တာတေတို့ရဲ့ ပြည်သူလူထုကြီးက အမှန်တရားရှာလာ
တယ်ဆိုဒါကတော့ နိယာမပါ။ အဲဒါကလည်းဘာလဲလို့ဆိုတော့ “လူက လူလို ပီပီသသ စား၊ ၀တ်၊ နေရေး” ပါဘဲ။

ဒါကြောင့်လည်း သံဃာတော်များ ဦးဆောင်ပြီး ကျောင်းသားပြည်သူတို့ရဲ့တောင်းဆိုမှုက လူလိုထိုက်ထိုက်တန်တန် ချောင်ချောင်ချိချိနေ ထိုင်စားသောက်နိုင်ရေးအတွက်၊ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်မည့်အရေးကိုမမှုဘဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ မိမိတို့အရေးအတွက် မိမိတို့ကိုယ်တိုင် အသက်သွေးများ ပေးဆပ်ပြီး စစ်အာဏာရှင်တို့ကို တောင်းဆိုခဲ့သည့် “စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး လှိုင်းကြီး” ကသက်သေပြခဲ့ပြီလေ။

မြန်မာ့ပြည်က ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းရဲ့အကြောက်တရားကင်းပြီး ရဲဝံ့သတ္တိကို ကမ္ဘာ့ပြည်သူအပေါင်းကလည်း လေးစားစွာ အသိအမှတ်ပြုခဲ့ပြီ၊ စာနာမှုတွေပေးခဲ့ပြီ၊ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီ၊ တာတေတို့ရဲ့ အဖိနှိပ်ခံပြည်သူတို့နဲ့ တသားထည်း ညီညွတ်နေကြပြီးဖြစ်တယ်။ ဒါတွေကလည်း ရဟန်းရှင်လူကျောင်းသား၊ပြည်သူတို့ရဲ့ အကြောက်တရားကင်းပြီး အမှန်တရားကို ကိုယ်ကျိုးစွန့်တိုက်ယူခဲ့ရတဲ့ “ဓမ္မတိုက်ပွဲကြီး” ရဲ့အသီးအပွင့်တွေ ဖြစ်ပါတယ်။ အရင်ပြင်သစ်နိုင်ငံက နပိုလီယမ် ပြောခဲ့ဘူးပါတယ် “နိုင်ငံသားတိုင်းသည် မိမိနှင့်ထိုက်တန်သောအစိုးရကိုသာ ရစမြဲဖြစ်တယ်” ဒီစကားအရ ၄၅နှစ်ကျော် စစ်အစိုးရ အဆက်ဆက်က ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုကြောင့် တာတေတို့ပြည်သူတွေ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နဲ့ အကြောက်တရားကြီးမားစွာနဲ့နေခဲ့ရပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး အမှောင်ကမ္ဘာ ကျောက်ခေတ်ထဲမှာ ပိတ်ခံနေခဲ့ရပါတယ်။

ဒီ့အတွက်ကြောင့်လည်း အသိဥာဏ်မရှိ၊ ဆင်ခြင်တုံတရားမရှိ၊ ကိုယ့်လူမျိုးကိုသာ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုကိုသာ နားလည်တဲ့၊ ခပ်ညံ့ညံ့စစ်အာဏာရှင်တို့က သူတို့ရဲ့ကျွမ်းကျင်မှုကြောင့် တာတေတို့ပြည်သူတွေ သူတောင်းစားခွက်ပျောက်တဲ့ကိန်းဆိုက်ခဲ့ရတယ်။

အခုခေတ်အချိန်ခါ နှစ်ဆယ့်တစ်ရာစုမှာ နည်းပညာတွေတိုးတက်မှုကြောင့် စစ်အစိုးရ က ပြည်သူတွေကို အမှောင်ချထားရတဲ့ ခေတ်ကုန်ပါပြီ၊ ကမ္ဘာကြီးရဲ့စက္ကန့်တိုင်း စက္ကန့်တိုင်း သတင်းတွေ နည်းပညာတွေ ပေါက်ကွဲနေတဲ့အခါမို့လည်း တာတေတို့ရဲ့ပြည်သူတွေ အသိရေချိန်တွေ မြင်မားလာသလို၊ နိုင်ငံရေးအသိရေချိန်တွေလည်း မြင့်မားလာကြတဲ့အတွက် အမှန်ကိုအမှန်အတိုင်း ရှု့မြင်သုံးသပ်နိုင်ကြပြီး ရဲရင့် တဲ့ ပြည်သူတွေဖြစ်လာကြတဲ့အတွက် ခပ်ညံ့ညံ့ စစ်အစိုးရ၊ လူသတ်တဲ့ စစ်အစိုးရကို အလိုမရှိကြတော့ပါဘူး။

ဒါကြောင့် ရဲရင့်တဲ့ပြည်သူတွေက သူတို့နဲ့ထိုက်တန်တဲ့ အသိဥဏ်ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့၊ ရဲရင့်တဲ့အစိုးရတရပ်ကို မရမချင်း၊ စစ်အစိုးရရဲ့ မည်သည့်ညှင်းပမ်းနှိပ်စက်မှုမျိုးကို ဂရုမစိုက်ဘဲ အကြောက်တရားကင်းရှင်းစွာနဲ့ အမှန်တရားကို လက်ကိုင်ပြုပြီး ……..

“ဒီမိုကရေစီ” ရရှိသည်အထိ “ဓမ္မတိုက်ပွဲကြီး” ကို ဆက်လက်တိုက်ပွဲ ၀င်မယ်လို့ …….. တာတေက မမှိတ်မသုန်ခိုင်ခိုင်မြဲမြဲ ယုံကြည်ပါတယ်ခင်ဗျား။